နားထောင်မှုစွမ်းရည်ဖြင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ကြစို့
“အမ သားလေးကလည်း အမေမှ အမေ ဖြစ်နေတော့လည်း ခက်တယ် လေ”
“နိုင့် တူလေးလည်း အဲလိုဘဲလေ အမရဲ့ နိုင် ရုံးသွားပြီဆို
အိမ်မှာ ငိုငိုပြီး ကျန်ခဲ့တယ်လေ၊ အဲဒါ ဟိုတလောက မှ iPad ၀ယ်ပေးထားရတယ်”
“အော် အမ သားကတော့ ငယ်သေးတယ်လေ… ယောက်ျားကလည်း သူ့ အလုပ်နဲ့သူ…
နယ်က အမ အမေကလည်း လာနေ မပေးနိုင်ဘူး… အိမ်ဖော်ကောင်မလေးနဲ့ ထားခဲ့ ရတာ ကို ဘယ်လိုမှ
စိတ်မချနိုင်ဘူး…၊ အမ အလုပ်ကနေ ထွက်ရင်တောင် ကောင်းမလား စဉ်းစားနေရပြီ…”
“အော် နိုင့် တူလေးဆိုလည်း ငယ်ငယ်ကတည်းက နိုင့် ကိုပဲ ကပ်တာလေ…
ညအိပ်ရင်တောင် သူ့ကို ခေါ်သိပ်ရတာ… နိုင် ခရီးထွက်ရပြီဆို နိုင့် ပုံလေးတွေပဲ ကြည့်
ပြီး ကျန်နေခဲ့တာတဲ့… အမေကတောင်ပြောတယ် နိုင် ကလေတဲ့ ချစ်မွှေး ကိုပါတယ်တဲ့ … ကလေးရော
လူကြီးရော ချစ်ကြသတဲ့”
ကားနောက်ခန်းက စကားတွေကြောင့် ကျွန်တော် ပြုံးမိသည်။ စကားပြော
နေကြတာ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူက မတည့်၊ ခဏနေလျင် သူတို့ ပြောစရာ စကား မရှိတော့သလို
တိတ်သွားကြတော့မည်။
ကျွန်တော်တို့ အဖွဲ့ ရှမ်းပြည်နယ် ကလော ဘက်မှာ Research တစ်ခု
အတွက် လာရင်း ဒီနေ့တော့ အနီးအနားပါတ်ဝန်းကျင် လျောက်လည် ဖြစ်ကြသည်။ ကလောက ကားလေး တစ်စီးငှားရင်း
ယောက်ျားလေးဖြစ်တဲ့ ကျွန်တော် က ရှေ့ခန်း ဒရိုင်ဘာနားမှာ စီးရင်း နောက်ခန်းက လိုက်လာသည့်
လုပ်ဖော်ကိုင်ဖက် အမနှစ်ယောက် စကားပြောတာ ကို ကြားနေခြင်းဖြစ်သည်။
နည်းနည်း အသက်ပိုကြီးသော အိမ်ထောင်သည် အမက မကြာသေးခင်ကမှာ
သားလေးတစ်ယောက်မွေးပြီး သားတစ်ဖက် ရုံးအလုပ်တစ်ဖက် ဖြစ်နေသည့် ဘ၀ ကို လုပ်ဖော်ကိုင်ဖက်ချင်း
ရင်ဖွင့် ချင်သည်။ အကြံဥာဏ်ကောင်း ရလိုရလား တိုင်ပင်ချင်ပုံ ရသည်။ သို့သော် အငယ် ကောင်မလေး
က သူ့အကြောင်းတွေ ကိုသာ အခွင့်အရေး ရရင် ရသလိုပြောချင် နေသည်။ ကြာတော့ ကျွန်တော်ထင်သလိုပင်
သူတို့စကားဝိုင်းလေး တိတ်ဆိတ်သွားသည်။ စကားစပြီး တိုင်ပင်ရန်ကြိုးစား မိသော အိမ်ထောင်သည်အမ
တော့နောင်တ ရနေပေလိမ့်မည်။ နိုင်နိုင် ဆိုသောကောင်မလေးသည် စကားပြောဆိုရန် တိုင်ပင်ရန်
ကောင်းသော အဖော် တစ်ယောက်မဟုတ် ဟုလည်း မှတ်ယူသွားပေလိမ့်မည်။
ပေါင်းသင်းဆက်ဆံရေးနယ်ပါယ်တွင် နားထောင်မှုစွမ်းရည်သည် အလွန်အရေးပါပေသည်။
အရေးပါသလောက်လည်း ပြုမူကျင့်ကြံရန်တော့ ခက်ခဲလှသည်။ လူတိုင်းလိုလိုပင် တဘက်လူစကားကို
နားထောင်ပေးဖို့ထက် ကိုယ်ကပြောဖို့ကို သာ စိတ်အားထက်သန်ကြလေသည်။ နားထောင်သူ ကောင်း
တစ်ယောက်အတွက် အပေါင်းအသင်းမိတ်ဆွေ ပေါများ နိုင်သလို ထိုမှ တဆင့် ကောင်းမွန်သော ဆက်ဆံရေးကိုတည်ဆောက်ရင်း
အခွင့်အရေးကောင်းများစွာ ရရှိနိုင်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသား ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာ၊
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ သူမတူသော အရည်အချင်းများတွင် သူ၏ နားထောင်မှု စွမ်းရည်
လည်း ပါဝင်ပေသည်။ သူ၏နားထောင်မှု စွမ်းရည်ကြောင့် မိတ်ဆွေကောင်းများ ပေါများလာပြီး လုပ်ဖော်ကိုင်ဖက်များ၏
ယုံကြည်ကိုးစား မှုကိုခံခဲ့ရသည်။
“ဦးသန့်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနားထောင်တတ်သူပါပဲ” ဟု
ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူး စီဗွီ-နာရာဆင်က
ထုတ်ဖော်ပြောဆိုခဲ့သည်။
အပေါင်းအသင်း မိတ်ဆွေများ ကြားတွင် နားထောင်သူကောင်း တစ်ယောက်ဖြစ်စေရန်
လိုက်နာကျင့်ကြံ နိုင်သည့် အချက်များရှိပါသည်။
၁။
တစ်ဖက်လူ၏ စကားကိုအာရုံစိုက်ပါ (Stay Focus)
တစ်ဖက်လူကိုယ့်ကို စကားလာပြောလျင် အာရုံစိုက်ပါ။ သူ့စကားကို
စိတ်ထဲကနေ ထင်မြင်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ စဉ်းစားနေမယ့် အစား သူပြောနေတဲ့ စကားကိုသာ
စိတ်ရှင်းရှင်းနဲ့ အာရုံစိုက်ထားပါ။ သူ့ရဲ့ စကားလုံးရွေးချယ်မှုနဲ့ ရှေ့ဆက်ပြောဆို ရန်စဉ်းစား
ရန်အချိန်ယူမှုကို စိတ်ရှည်စွာ စောင့်ဆိုင်းပါ။ မိမိ အာရုံးစူးစိုက်နေကြောင်းကို လည်း
သိသာပါစေ။ ထိုသို့ ပြုလုပ်ခြင်းက စကားပြောသူကို ရှေ့ဆက်ပြောဆိုရန် အားရရှိစေမှာ ဖြစ်ပြီး
ကောင်းမွန်သော၊ အချိတ်အဆက်ရှိသော စကားဝိုင်းကိုလည်း ဖြစ်စေပါတယ်။
၂။
အမှန်တကယ် နားထောင်ပါ (Really Listen)
နားထောင်နေစဉ်မှာ ကိုယ့်ရဲ့ တူညီတဲ့ အတွေ့အကြုံတွေ အကြောင်းကို
စဉ်းစားမနေပါနဲ့။ “နိုင်နိုင်” ဆိုတဲ့ ကောင်မလေးလို
ဒါပြီးကိုယ်ဘာပြန်ပြောရမယ် ဆိုတာကို စဉ်းစားနေပြီး အခွင့်အရေးရတာနဲ့ အတင်းဝင်ပြောတာမျိုး
မလုပ်သင့်ပါဘူး။ အဲလိုလုပ်ခြင်းက တစ်ဖက်လူက မိမိအပေါ် ယုံကြည်မှု ဆုံးရှူံး စေပြီး ကိုယ့်ကိုယ်ကိုယ်
ပဲအမြဲ ဗဟိုပြုစဉ်းစားတတ်သောသူ အဖြစ် ထင်မြင်သွားနိုင်ပါတယ်။ နောင် သင့်ကိုစကားစပြီးပြောဆိုဖို့
ရှောင်ကျဉ်ပါလိမ့်မယ်။
၃။
ကြားဖြတ် ပြန်လှန်ပြောဆိုမှုများကို ရှောင်ကျဉ်ပါ (Don’t try to respond
immediately)
တစ်ဖက်လူ ပြောနေသာစကား တစ်ခွန်းပြီးသည်အထိ တိတ်ဆိတ်စွာ နားထောင်ပေးပါ။
စကားပြောဆိုနေစဉ်မှာ ချင်ချင်း ပြန်လှန်ပြောဆိုခြင်း၊ မေးမြန်းခြင်းများကို ရှောင်သင့်ပါတယ်။
စကားဝိုင်းတော်တော် နဲ့ရှေ့ဆက် မရနိုင်ပဲ ဦးတည်ချက် ပြောင်းသွားနိုင်ပါတယ်။
၎။
အခါအားလျော်စွာ စကားထောက်ပေးပါ (Repeat the other person’s word or paraphrasing)
အခါအားလျော်စွာ စကားကို ထောက်ပေးခြင်း၊ စကားပြေပြန်ပေးခြင်းများ
ပြုလုပ်ပေးပါ။ စကားပြောဆိုနေသူရဲ့ အသုံးအနှုန်း အချို့မရှင်းလင်းပါက မိမိနားလည်သလို
စကားပြေပြန်ဆိုပေးခြင်း၊ စကားထောက်ပေးခြင်းတို့ကိုပြုလုပ်ပေး ခြင်းအားဖြင်း မိမိ အမှန်တကယ်
စိတ်ဝင်စားစွာ နားထောင်နေမှန်း သိသာစေပြီး စကားဝိုင်းကို ပိုမို စိုပြေစေမှာ ဖြစ်ပါတယ်။
၅။
တစ်ဖက်လူ၏ စိတ်ခံစားချက်ကို စာနာနားလည်ကြောင်း ပြောဆိုပေးပါ (Understand the
emotion behind the words)
တစ်ဖက်လူရဲ့ စိတ်ခံစားချက်ကို စာနာနားလည်ကြောင်း ပြန်လည်ပြောဆိုပေးပါ။
အခါအားလျော်စွာ စကားပြေပြန်လည်ပြောဆိုလျင်လည်း မိမိ၏ ကိုယ်ချင်းစာမှု၊ စာနာနားလည်မှု၊
ကရုနာသက်မှု တို့ကိုထည့်သွင်း ပြောဆိုပေးပါ။
ကောင်းမွန်စွာ နားထောင်မှု စွမ်းရည်သည် မိမိကိုယ်တိုင်ပြောဆိုခြင်းထက်
ပိုမိုခက်ခဲလေသည်။ လူအများသည် မိမိအကြောင်း၊ မိမိ စိတ်ခံစားမှု ကို တစ်စုံတစ်ယောက်ကို
ရင်ဖွင့်ပြောပြရန်၊ တိုင်ပင်ရန် လွယ်ကူ သော်လည်း မိမိ ကိုယ်တိုင်က ရင်ဖွင့်တိုင်ပင်
ရန်သင့်တော်သော သူတစ်ဦးဖြစ်ရန်တော့ ခက်ခဲပေသည်။
အထက်ဖော်ပြပါ အချက်များကို ကြိုးစား လေ့ကျင့်ပြီး ကောင်းမွန်သော
စကားဝိုင်းများဖြစ်အောင် ဖန်တီးပေးပါ။ အပေါင်းအသင်း မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များ၏ယုံကြည်
အားကိုးမှုကိုရရှိမည်ဖြစ်ပြီး၊ သင်နှင့် စကားပြောခြင်းဖြင့် အချိန်ကုန်ရသည်ကို နှစ်သက်လာကြလိမ့်မည်။
အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်းများကြား၊ လုပ်ဖော်ကိုင်ဖက်များ ကြားတွင် ပေါင်းသင်းဆက်ဆံရေး
(Communication) ကောင်းသူတစ်ဦးအဖြစ် အောင်မြင်သော ဆက်ဆံရေး (Relationship) ကိုတည်ဆောက်
နိုင်ပါလိမ့်မည်။
ဝိုင်းချစ်အောင်
*
Facilitation Training တစ်ခုမှာ သင်ရသော How to be a good listener နှင့် အထောက်တော်လှအောင်
ဘာသာပြန်ဆိုသော ဗမာ့ဦးသန့် စာအုပ်တို့မှ ကိုးကားရေးသားပါသည်။
Comments
Post a Comment