အလုပ်ခွင်မှာ ပျော်စေဖို့
နာမည်ကျော် စာရေးဆရာ၊ ကလေးအထူးကုဆရာဝန်၊
ဆေးတက္ကသိုလ်ရဲ့ ကထိက ဆရာတစ်ယောက်လည်း ဖြစ်သော ဒေါက်တာရဲမြင့်ကျော် (လင်္ကာရည်ကျော်) ကို
သူ့တပည့်တွေက မေးပါတယ် “အောင်မြင်သောဘ၀ဆိုတာ ဘာကို ခေါ်တာပါလဲ ဆရာ” တဲ့။ ဆရာက သူယုံကြည်တဲ့
အတိုင်း “အောင်မြင်တဲ့ဘ၀ဆိုတာ မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်လိုက်တိုင်း ကိုယ်သွားရမယ့်
လုပ်ငန်းခွင်ဟာ ကိုယ်တစ်ကယ်သွားချင်တဲ့နေရာဖြစ်ဖို့ လိုတယ်၊ ညနေ အလုပ်ဆင်းတာနဲ့ ကိုယ်ပြန်လာရမယ့်
ကိုယ့်အိမ် ကလည်း ကိုယ်ပြန်လာချင်တဲ့နေရာဖြစ်နေတာ သေချာဖို့လိုတယ်” လို့ဖြေခဲ့ပါတယ်။
နွေးထွေးသော မိသားစုရှိသည့် ကိုယ့်အိမ်မှာပျော်ဖို့ လွယ်ကူပေမယ့်
လူအမျိုးမျိုး စိတ်အထွေထွေ ရှိသော လုပ်ငန်း ခွင်မှာ ပျော်ဖို့ဆိုတာကတော့ သိပ်မလွယ်ကူလှပေ။
လုပ်ငန်းခွင်မှာ ပျော်ဖို့ အလုပ်ခွင်က ပျော်ရွှင်စရာကောင်းသော ပါတ်ဝန်းကျင် ဖြစ်ရန်လိုအပ်သလို
မိမိ ကိုယ်တိုင်လည်း အချို့နည်းလမ်းကောင်းလေးများကို လိုက်နာကျင့်ကြံဖို့လိုပါသည်။
မိမိအလုပ်ကို
တန်ဖိုးထားပါ
လုပ်ငန်းခွင်မှာပျော်ဖို့ မိမိအလုပ်ကိုတန်ဖိုးထားတတ်ဖို့က အလွန်
အရေးကြီးပါတယ်။ နေ့စဉ်နဲ့အမျှ ထပ်ကာတလဲလဲ ကြုံတွေ့နေရတဲ့ သင့်ရဲ့ နိစ္စဓူဝ ခေါက်ရိုးကျိုးနေသော
လုပ်ရိုးလုပ်စဉ် တွေကို သင်ငြီးငွေ့နေနိုင်ပါတယ်။ အဲလိုအချိန်မျိုးဆိုရင် သင်မေ့နေတာက
ကိုယ်လုပ်လိုက်တဲ့ အလုပ်ကြောင့် အကျိုးကျေးဇူးခံစားရမည့် သူတွေကို တွေးပြီး ကိုယ့်အလုပ်ကိုယ်
တန်ဖိုးထားဖို့ပါ။
နာဂစ်ကာလမှာ Local NGO လေးတစ်ခုမှာ အလုပ်လုပ်နေသော လူငယ်လေးတစ်ဦးက
ငြီးတွားဖူးပါတယ်။ သူလုပ်ရတဲ့ အလုပ်ကတော့ ဆေးတွေ ရေတွက်ပေးရတာဖြစ်ပါတယ်။ နေ့စဉ်ဆေးအဖွဲ့
(Medical teams) တွေက သူ့ဆီလာတင်တဲ့စာရင်းထဲက လိုအပ်တဲ့ဆေးတွေကို ရေတွက် ထုတ်ပေးပြီး
နေ့တစ်နေ့ရဲ့ အဆုံးမှာ ဆေးအမျိုးအစား လက်ကျန်ကိုရေးမှတ်တင်ပြရတာပါ။ သူ့အလုပ်ဟာတစ်နေ့တစ်နေ့
ဆေးစတိုခန်းလေးထဲမှာပဲ ကုန်ဆုံးနေတော့ တဖြည်းဖြည်းငြီးငွေ့လာကာ သူ့အလုပ်ကိုသူမုန်းလာပြီးနောက်ဆုံး
ထွက်စာပါတင်မိပါတော့တယ်။
ဒီတော့ အဲဒီ အဖွဲ့လေးရဲ့ ခေါင်းဆောင်က အဲဒီလူငယ်နဲ့တွေ့ပြီး
သူ့အလုပ်ဟာ ဘယ်လောက်အရေးကြီးကြောင်းရှင်းပြပါတယ်။ သူတို့အဖွဲ့ကို ပံ့ပိုးပေးနေတဲ့
INGO အဖွဲ့အစည်းကြီးတစ်ခုက သူတို့လိုအဖွဲ့ငယ်လေးတွေဆီက လိုအပ်တဲ့ ဆေးစာရင်းကိုယူပြီး
နိုင်ငံတကာမှ အလှူရှင်များကို တင်ပြကာ အချိန်မီ ဆေးရရှိရေးအတွက် ၀ယ်ယူရတာဖြစ်တယ်။ နိုင်ငံအတွင်းမှာ
ဝယ်ယူလို့မရနိုင်တဲ့ ဆေးတွေအတွက် တခြားနိုင်ငံကို မှာယူရန် အချိန်ကြာမြင့်တတ်တာမို့
ဆေးလက်ကျန်စာရင်းကို အမြဲတမ်း သိရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ထိုဝန်ထမ်းလူငယ်လေးဆီက
နေ့စဉ် ဖြန့်ဝေမှုဆေးစာရင်း၊ လက်ကျန်ဆေးစာရင်းဟာ အဖွဲ့အတွက်ရော အဖွဲ့က စောင့်ရှောက်မှု
ပေးနေသော ဒုက္ခသည်တွေ အတွက်ပါ အလွန်အရေးကြီးကြောင်းရှင်းပြပါတယ်။ ဒီတော့မှဆေးစာရင်းမှတ်တဲ့
ဝန်ထမ်းလေးဟာ သူ့အလုပ်ရဲ့အရေးပါမှုကိုတန်ဖိုး ထားမိပြီး အလုပ်မှာ ပျော်ရွှင်စွာ ဆက်လက်လုပ်ကိုင်ပါတော့တယ်။
ဒါကြောင့် အလုပ်ခွင်မှာပျော်ရွှင်ဖို့အတွက် မိမိရဲ့နေ့စဉ်အလုပ်တွေရဲ့
အရေးပါမှုကိုတန်ဖိုးထားတတ်ဖို့လိုပါတယ်။
ကျေးဇူးတင်
စကား ပြောဆိုပါ
အကုန်အကျမရှိပဲ ထိရောက်မှု အလွန်ရှိတဲ့
နည်းလမ်းကောင်းပါ။ နေ့စဉ်မိမိနှင့် ထိတွေ့ ဆက်ဆံနေရတဲ့ လုပ်ဖော်ကိုင်ဖက်များကို(မိမိလက်အောက်က၀န်ထမ်းပင်ဖြစ်နေစေကာမူ)သူတို့ရဲ့တန်ဖိုးရှိလှတဲ့လုပ်ဆောင်မှုတွေ
အတွက် ကျေးဇူးတင်စကားပြောဖို့မမေ့ပါနဲ့။ ကျေးဇူးစကားတစ်ခွန်းဟာ ပြောလိုက်တဲ့သူအတွက်
အကုန်အကျမများပေမယ့် လက်ခံသူအတွက်တော့တန်ဖိုးရှိသောအားဆေးတစ်ခွက်ဖြစ်ပါတယ်။ကျေးဇူးတင်စကားပြောဆိုခြင်းဟာ
ပျော်ရွှင်ဖွယ်ကောင်း သော အလုပ်ပါတ်ဝန်းကျင်ကိုဖန်တီးဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
လုပ်ဖော်ကိုင်ဖက်များနှင့်
ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပါ
မိမိတို့နေ့စဉ်ဘ၀မှာ မိသားစုနှင့်
တွေ့ရသည့်အချိန်ထက်အလုပ်မှ လုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ရသည့်အချိန်က ပိုများပါတယ်။
ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်များနှုင့် ကောင်းမွန်သောဆက်ဆံရေးရှိရန် အလွန်အရေးကြီးလှပါတယ်။
ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရာမှာ အချင်းချင်း အပြန်အလှန်လေးစားမှုထားရှိခြင်း၊ ရိုးသားပွင့်လင်းစွာ
ပြောဆိုဆက်ဆံခြင်း၊အပြန်အလှန်ယုံကြည်မှုထားရှိခြင်းစသည်တို့ဖြင့်တည်ဆောက်ရမှာဖြစ်ပါတယ်။
စိတ်ဝင်စားမှု တူညီသော အကြောင်းအရာတစ်ခုခု(ဥပမာ-အားကစား၊ဖက်ရှင်) အကြောင်းကိုအလုပ်ချိန်မတိုင်မှီစကားစမြည်ပြောဆိုခြင်းဖြင့်လည်း
ရင်းနှီးသော ဆက်ဆံရေးကိုတည်ဆောက်နိုင်ပါတယ်။
အလုပ်ချိန်သို့
၁၀ မိနစ်ခန့်စောလာပါ
လုပ်ငန်းခွင်သို့ နောက်ကျမှ ရောက်ပြီး ရုံးခန်းတွင်းသို့ လိပ်ပြာမလုံပဲ
ဝင်လာရမှာထက် အများထက် စောစီးစွာ အလုပ်မှာ ရောက်ရှိနေခြင်းက သင့်ကိုသင် ယုံကြည်မှု ပိုမိုရရှိစေမှာ
ဖြစ်ပါတယ်။ အများအမြင်မှာသင်ဟာ စည်းကမ်းလိုက်နာသူ၊
အချိန်ကိုလေးစားမှု ရှိသူအဖြစ် လေးစားမှု ရရှိခြင်းက သင့်ကို အလုပ်ခွင်မှာ ပျော်ရွှင်စေပါလိမ့်မယ်။
ကိုယ်ရေးကိုယ်တာကိစ္စများကို
အိမ်မှာထားခဲ့ပါ
ကားကျပ်တာ၊ ရေမလာတာ၊ စပါယ်ယာအပေါက်ဆိုးတာ စတဲ့ အသေးအဖွဲလေးတွေက
အစ အိမ်ရှင်နှင့် သို့မဟုတ် အခန်းအတူငှားရမ်းနေထိုင်သူနှင့် အဆင်မပြေတာ၊ အိမ်ထောင်ရေးအဆင်မပြေမှုတွေ
အဆုံး မိမိရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများကို အလုပ်ကို သယ်မလာပါနဲ့။ ဒီကိစ္စတွေဟာ သင့်မှာရှိသလို
သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်များမှာလည်း ရှိနိုင်တယ်ဆိုတာ ကို မမေ့ပါနဲ့။ သင့်ရဲ့ကိုယ်ရေးကိုယ်တာ
ပြသနာကြောင့် သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ပျော်ရွှင်စရာ ကောင်းတဲ့ အလုပ်ခွင် ပါတ်ဝန်းကျင်ကို
မဖျက်ဆီးမိစေရန်ဂရုပြုပါ။ အဲဒီအစား ပျော်ရွှင်ဖွယ်ကောင်းတဲ့ အလုပ်ပါတ်ဝန်းကျင်ကြောင့်
သင့်ရဲ့ကိုယ်ရေးကိုယ်တာ စိတ်ဖိစီးမှုများ လျော့ပါးသက်သာရမှာဖြစ်ပါတယ်။
မိမိအလုပ်စားပွဲကို
သန့်ရှင်းသပ်ရပ်စွာထားပါ
အသေးအဖွဲတစ်ခုလို့ထင်နေပါလိမ့်မယ်။ သို့သော် မိမိအလုပ်စားပွဲကို
သန့်ရှင်းစွာ စနစ်တကျထားခြင်းက သင့်ကို အလုပ်ချိန်မှာ စိတ်အနှောက်အယှက်ဖြစ်ခြင်းမှ
ကင်းဝေးစေပါတယ်။ သင်အလုပ်ရှုပ်နေချိန်မှာ လိုအပ်တဲ့ စာရေးကိရိယာကို အလွယ်တကူ ရှာဖွေတွေ့ရှိခြင်းက
သင့်အလုပ်ကိုပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ သုတေသနတစ်ခုမှာ မိမိအလုပ်စားပွဲကို တစ်ရက်မှာ
၁၀ မိနစ်ခန့် အနည်းဆုံး အချိန်ယူပြီး ပြန်လည် သန့်ရှင်းသင့်သည်ဟုဖော်ပြထားပါတယ်။
Break
time ယူပါ
ဒီဆောင်းပါးမှာ
နောက်ဆုံး အကြံပြုချင်တာကတော့ အလုပ်ချိန်မှာ အခါအားလျော်စွာ Break time ယူပါ။ သင်ဟာ
သင့်အလုပ်ဌာန အတွက် အရေးပါသောသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း အဲတာကို
ကျေနပ်ပြီး အလုပ်တွေဆက်တိုက်လုပ်ခြင်းဖြင့် မိမိကိုယ်မိမိ ဂုဏ်ယုကောင်းယူနေပါလိမ့်မယ်။
သို့ရာတွင် အလုပ်တစ်ခုကနေ နောက်တစ် ခုမလုပ်ခင်လေးမှာ ၂ မိနှစ် ၃မိနှစ်ခန့် နားချိန်ယူပြီ
ကော်ဖီသောက်တာဖြစ်ဖြစ် ရုံးအပြင်ဘက်ထွက်ပြီး ပြင်ပလေရှူတာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။
ထိုသို့လုပ်ခြင်းအားဖြင့် သင့်ဦးနှောက်ကို Refresh ပြန်ဖြစ်စေမှာဖြစ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်များ
ချနိုင်ရန် များစွာအထောက်အကူ ပြုပါလိမ့်မည်။
အထက်ဖော်ပြပါ
အချက်များကို လက်တွေ့အသုံးချရင်း မိမိတို့အလုပ်ခွင်မှာ ပျော်ရွှင်သော ပါတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ပြီး
အောင်မြင်သော ဘ၀ရရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
ဝိုင်းချစ်အောင်
*လင်္ကာရည်ကျော်
၏ စိတ်ဓါတ်ကိုခွဲစိတ်ရှင်းလင်းသန့်စင်ခြင်း၊
WikiHow မှ How to be Happy at work တို့မှ
ကိုးကားရေးသားပါသည်။
Comments
Post a Comment